ကျမ်းပြုသူ၏ အမှာစာ
သာသနာတော်ထွန်းကားရာ မြန်မာနိုင်ငံတွင် မြတ်စွာဘုရားရှင်၏ ဓာတ်တော်၊ မွေတော်များနှင့် အထူးသဖြင့် သွားတော် (စွယ်တော်) မြတ်များနှင့် ပတ်သက်၍ ခိုင်မာတိကျသော သုတေသနပြု မှတ်တမ်းတင်ထားသည့် ကျမ်းတစ်စောင် ဟာကွက်ဖြစ်နေခဲ့ပါသည်။ ထိုလိုအပ်ချက်ကြောင့် ဓာတ်တော်မွေတော်များနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုရာတွင်ဖြစ်စေ၊ အများပြည်သူသို့ ရှင်းလင်းပြသရာတွင်ဖြစ်စေ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။
ဤကျမ်းစာကို ပြုစုရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရဟန်းရှင်လူ အများပြည်သူတို့ အကုသိုလ်ကင်းဝေးစေရန် ဖြစ်ပါသည်။ လောကတွင် “ဘုရားရှင်၏ သွားတော်ကို မဟုတ်ပါဟု ငြင်းပယ်ခြင်းသည် ဘုရားရှင်အား စွပ်စွဲပြစ်မှားရာရောက်သကဲ့သို့၊ဘုရားရှင်အား လီဆယ်စွပ်စွဲရာ” ရောက်ပေသည်။ ထို့ကြောင့် ယုံကြည်မှုလွန်ကဲ၍ဖြစ်စေ၊ သံသယလွန်ကဲ၍ဖြစ်စေ ဖြစ်ပေါ်လာနိုင်သော အကုသိုလ်တရားများကို တားဆီးနိုင်ရန်နှင့် မှန်ကန်သော သဒ္ဓါတရား၊ မှန်ကန်သော ပညာတရားတို့ဖြင့် ပူဇော်နိုင်ရန် ဤကျမ်းက အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။
ဤကျမ်းစာကို ပြုစုရန် မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်တွန်း တောင်းပန်ခဲ့ခြင်း မရှိပါ။ မိမိကိုယ်တိုင် သာသနာရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရင်း၊ လျှောက်လှမ်းဖြတ်သန်းရာလမ်းတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် သာသနာတော်အတွက် မရှိမဖြစ် လိုအပ်နေသော လစ်ဟာမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။ သာသနာတော် အရှည်တည်တံ့ခိုင်မြဲရေးနှင့် အနာဂတ်သာသနာအတွက် ရည်သန်ကာ အခက်အခဲပေါင်း များစွာ၊ အဆင်မပြေမှုပေါင်းများစွာ ကြားမှပင် အပတ်တကုတ် ကြိုးပမ်း သုတေသနပြု ရေးသားထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဤနေရာတွင် စာဖတ်သူများကို အသိပေး ပန်ကြားလိုသည်မှာ ဤကျမ်းစာအုပ်သည် မိမိ၏ ပါရဂူဘွဲ့ (Ph.D.) အတွက် တင်သွင်းသော ဘွဲ့ယူကျမ်း မဟုတ်ပါ ဟူသောအချက်ပင် ဖြစ်ပါသည်။ မိမိ၏ ပါရဂူဘွဲ့ယူကျမ်းမှာ “ဓာတ်တော်မွေတော်များအား စီမံခန့်ခွဲ အုပ်ချုပ်ပူဇော်ခြင်းနှင့် ငြိမ်းချမ်းရေး စီမံခန့်ခွဲမှုပုံစံ (Peace Management Model)” ဟူသော ခေါင်းစဉ်ဖြင့် ပြုစုနေခြင်းဖြစ်ပါသည်။ အဆိုပါ ကျမ်းနှစ်စောင်သည် အကြောင်းအကျိုးအားဖြင့် ဆက်နွယ်နေသော်ငြားလည်း စာပေသဘောတရားနှင့် တင်ပြပုံ ရှုထောင့်များမှာ တူညီမှုမရှိပါ။ အလုပ်တာဝန်များပြားသည့်ကြားမှ ကျမ်း (၂) စောင်ကို တစ်ပြိုင်နက်တည်း အချိန်ယူ ပြုစုရေးသားခဲ့ရခြင်း ဖြစ်သောကြောင့် အားနည်းချက်များ၊ လိုအပ်ချက်များ ပါဝင်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ထို့အပြင် မြန်မာပြည်ဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ဓမ္မမိတ်ဆွေများ ဖတ်ရှုနားလည်ရ လွယ်ကူစေရန် ရည်ရွယ်၍ ဤကျမ်းကို မြန်မာဘာသာစကားဖြင့်သာ အထူးပြု ရေးသားထားပါသည်။ သို့ရာတွင် နိုင်ငံတကာ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများနှင့် နိုင်ငံခြားဘာသာဖြင့် ရေးသားထားသော မှတ်တမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် အချို့သော ပညာရပ်ဆိုင်ရာ ဝေါဟာရများသည် မြန်မာမှုပြုရန် ခက်ခဲပြီး ရာနှုန်းပြည့် ပြည့်စုံမှုရှိမည် မဟုတ်သည်ကို ကြိုတင်ဝန်ခံအပ်ပါသည်။ ထိုကဲ့သို့ ဝေါဟာရအခက်အခဲများကို စာဖတ်သူများအနေဖြင့် သည်းခံ၍ ရေဘုယျ သဘောတရားကိုသာ ခြုံငုံနားလည်ပေးကာ ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤသုတေသနကျမ်းစာအုပ်သည် ရဟန်းရှင်လူ အများပြည်သူတို့အတွက် သံသယကင်းရှင်းသော သဒ္ဓါတရားကို ဖြစ်ထွန်းစေပြီး၊ အနာဂတ် ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ ခိုင်မြဲရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အထောက်အကူပြုနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
ကျမ်းပြုသူ
Venerable Dhammasami
(Ph.D. Peace Studies),M.A(Pali)
No comments:
Post a Comment
Note: Only a member of this blog may post a comment.