Tuesday, April 7, 2026

ပဏာမရှိခိုးနှင့် အဓိဋ္ဌာန်ဆုတောင်း

 ပဏာမရှိခိုးနှင့် အဓိဋ္ဌာန်ဆုတောင်း


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ရောင်တော်ဖွင့် ဘုရားရှိခိုး

မဟာကရုဏာတော်ရှင်၊ သုံးလောကထွဋ်ထား၊ ရှင်တော်မြတ်ဘုရားသည် ခန္ဓာပဉ္စက သရီရကို စွန့်လွှတ်ကာ ပရိနိဗ္ဗာန် စံလွန်တော်မူခဲ့သော်ငြားလည်း၊ ဝေနေယျသတ္တဝါ အပေါင်းတို့ ကြည်ညိုဆည်းကပ် ကိုးကွယ်ရာအလို့ငှာ ကိုယ်စားတော်ပွား သရီရိကဓာတ်တော်၊ မွေတော်၊ အံတော်နှင့် သွားတော်မြတ်တို့ကို သနားကရုဏာ ရှေ့ရှုကာ အဓိဌာန်ပြု ချန်ထားရစ်ခဲ့ပါပေသည်။ ရောင်တော်ခြောက်သွယ် အဖြာဖြာကွန့်မြူးလျက်၊ ယနေ့တိုင်တိုင် သက်ရှိထင်ရှား သဗ္ဗညုဘုရားရှင် ကိုယ်တော်တိုင် ကိန်းဝပ်စံပယ်တော်မူနေ သကဲ့သို့ တန်ခိုးတေဇော် အာနုဘော် ကြီးမားတော်မူလှသော ဘုရားရှင်၏ သွားတော်မြတ် အပါအဝင် အလုံးစုံသော ဓာတ်တော်၊ မွေတော်မြတ်တို့အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ အာရုံပြု ရှိခိုးပူဇော်ပါ၏ ဘုရား။

အလှူရှင်၊ အစောင့်အရှောက်များနှင့် ဝေနေယျများအား မေတ္တာပို့သခြင်း

ဤသုတေသနကျမ်းကို မပြုစုမီ ပဏာမအစအနေဖြင့် အိန္ဒိယ၊ ဂန္ဓာရ၊ သီရိလင်္ကာ အစရှိသော ဇမ္ဗူဒီပတစ်ခွင်၌ သာသနာ့သမိုင်း တစ်လျှောက်လုံးတွင် မူလစေတီတော် အသီးသီးကို မမေ့မလျော့ တည်ထားကိုးကွယ်ခဲ့ကြသော မင်း၊ မိဖုရား၊ မှူးမတ်၊ သူဌေးသူကြွယ် အစရှိသည့် မူလဒါယကာ ဒါယိကာမ အလှူရှင်ကြီးများအား လည်းကောင်း၊

ခေတ်အဆက်ဆက် ဓာတ်တော်မွေတော် အသီးသီးနှင့် စေတီပုထိုးများအား မပျောက်မပျက်အောင် ကာကွယ်စောင့်ရှောက်တော်မူကြသော သိကြား၊ ဗြဟ္မာ နှင့် ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ဝေဿဝဏ် ဟူသော စတုမဟာရာဇ် နတ်မင်းကြီးလေးပါး၊ တရားစောင့်သော ဟေမာဝတ နတ်မင်းကြီး၊ သာတာဂိရိ နတ်မင်းကြီး အစရှိသော သမ္မာဒေဝ နတ်ကောင်းနတ်မြတ် အပေါင်းတို့အား လည်းကောင်း၊

သာသနာတော် အရှည်တည်တံ့စေရန် ကိုယ်တိုင်ကျင့်ကြံရင်း စောင့်ရှောက်တော် မူကြကုန်သော လောကီဝိဇ္ဇာများ၊ အရိယာဝိဇ္ဇာဓိုရ်များ၊ တာနောယက အစရှိသော အစောင့်အရှောက်များ၊ ထို့အပြင် စေတီစောင့်၊ သာသနာစောင့်၊ တောစောင့်၊ တောင်စောင့် နတ်များနှင့် နဂါး၊ ဂဠုန်၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ်၊ ယက္ခ အစရှိသော မြင်အပ်၊ မမြင်အပ်သော အစောင့်အရှောက် ပုဂ္ဂိုလ်အပေါင်းတို့အား လည်းကောင်း၊

ထို့အပြင် သာသနာတော် ကွယ်ပမည့်အဆုံး (ဓာတုပရိနိဗ္ဗာန် ပြုချိန်) ၌ မဟာဗောဓိညောင်ပင်ဝယ် စကြာဝဠာတစ်ခွင်မှ ဓာတ်တော်မွေတော် အလုံးစုံတို့ စုရုံးပေါင်းဆုံကာ ဗုဒ္ဓနိမ္မိတ ရုပ်ပွားတော်အဖြစ် ဖန်ဆင်း၍ နောက်ဆုံးသော တရားဓမ္မကို ဟောကြားတော်မူမည့် အချိန်အခါသမယကို မျှော်လင့်စောင့်စားနေကြကုန်သော နတ်၊ ဗြဟ္မာ၊ ဝေနေယျ သတ္တဝါအပေါင်းတို့အား လည်းကောင်း ဘုရားတပည့်တော်သည် အထူးပင် ကျေးဇူးတင် လေးမြတ်စွာဖြင့် မေတ္တာရေစင် သွန်းလောင်း ပို့သအပ်ပါသည်။ အားလုံးသော ပုဂ္ဂိုလ်အပေါင်းတို့သည် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသတည်း။

ဆုတောင်းနှင့် အဓိဋ္ဌာန်ပြုခြင်း

ဘုရားတပည့်တော်သည် ဤသုတေသနကျမ်းစာကို ပြုစုရေးသားရာတွင် လောကီရေးရာ အကျိုးစီးပွား၊ ကျော်စောထင်ရှားမှု တစ်စုံတစ်ရာကိုမျှ မရည်ရွယ်ဘဲ၊ "ရဟန်းရှင်လူ အများပြည်သူတို့ သံသယကင်းရှင်းစွာဖြင့် သဒ္ဓါ၊ ပညာ တွဲဖက်ကာ ကိုးကွယ်ပူဇော်နိုင်စေရေး နှင့် အနာဂတ် ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ ခိုင်မြဲရေး" ဟူသော သန့်စင်ဖြူစင်သော စေတနာ၊ မှန်ကန်သော သစ္စာတရားတို့ဖြင့်သာ ရေးသားပြုစုခြင်း ဖြစ်ပါပေသည်။

ဤသို့ မှန်ကန်သော သစ္စာဝစီ၊ ဖြူစင်သော စေတနာတို့ကြောင့် ဤကျမ်းကြီးကို အစပျိုးသည်မှစ၍ အဆုံးတိုင် အောင်မြင်စွာ ပြီးစီးသည်အထိ ဘုရားတပည့်တော်၏ ကိုယ်ခန္ဓာ၊ စိတ်နှလုံးနှင့် ကျမ်းပြုရာ ပတ်ဝန်းကျင် တစ်ဝိုက်တို့၌ အနှောင့်အယှက်၊ အန္တရာယ်၊ အတားအဆီး ဟူသမျှ အလုံးစုံ ကင်းစင်လွင့်ပျောက်ပါစေသတည်း။ သမ္မာဒေဝ နတ်ကောင်းနတ်မြတ် အပေါင်းနှင့်တကွ ဓာတ်တော်၊ မွေတော်၊ စွယ်တော်မြတ်တို့ကို စောင့်ကြပ်တော်မူကြသော အစောင့်အရှောက် ပုဂ္ဂိုလ်အပေါင်းတို့ကလည်း ဘက်စုံထောင့်စုံမှ ကူညီစောင့်မ မစတော်မူကြပါစေသတည်း။

ဤကျမ်းကြီးသည် သာသနာတော်အတွက် အကျိုးအများဆုံး ဖြစ်ထွန်းစေမည့် ဓမ္မရတနာ ကျမ်းတစ်ဆူအဖြစ် အတားအဆီးကင်းမဲ့စွာ အောင်မြင် အထမြောက် ပြီးစီးပါစေသတည်း။

သာဓု ... သာဓု ... သာဓု



No comments:

Post a Comment

Note: Only a member of this blog may post a comment.