Showing posts with label ကျမ်းပြီးဆုတောင်း၊ ဝန်ခံကန်တော့လွှာ နှင့် မဟာအမျှဝေစာ. Show all posts
Showing posts with label ကျမ်းပြီးဆုတောင်း၊ ဝန်ခံကန်တော့လွှာ နှင့် မဟာအမျှဝေစာ. Show all posts

Tuesday, April 7, 2026

ကျမ်းပြီးဆုတောင်း၊ ဝန်ခံကန်တော့လွှာ နှင့် မဟာအမျှဝေစာ

 ကျမ်းပြီးဆုတောင်း၊ ဝန်ခံကန်တော့လွှာ နှင့် မဟာအမျှဝေစာ

မြတ်စွာဘုရားအား ဝန်ခံတောင်းပန်ကန်တော့ခြင်း

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား…

ဘုရားတပည့်တော်သည် ဤ "မြတ်စွာဘုရားရှင်၏ သွားတော်များ" သုတေသနကျမ်းကြီးကို ပြုစုရာတွင်၊ မျက်မှောက်ခေတ် သိပ္ပံပညာရှင်များ၊ သံသယဝါဒီများနှင့် ကမ္ဘာ့ရှေးဟောင်းသုတေသီများအလယ်တွင် ဘုရားရှင်၏ ဓာတ်တော်၊ မွေတော်၊ သွားတော်မြတ်များ အစစ်အမှန်ဖြစ်ကြောင်းကို ငြင်းဆိုဖွယ်မရှိအောင် သက်သေပြနိုင်ရန်အလို့ငှာ၊ လုံးရပ်ခန္ဓာ ကိုယ်စားတော်ပွားဖြစ်သော သွားတော်၊ ဓာတ်တော်များအား သိပ္ပံနည်းကျ မျိုးဗီဇစစ်ဆေးခြင်း (DNA Analysis) နှင့် ကာဗွန်သက်တမ်းတိုင်းတာခြင်း (Carbon-14 Dating) စသည့် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရပါသည်ဘုရား။ ဤသို့ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် ရိုသေမှုကင်းမဲ့၍မဟုတ်ဘဲ၊ ခေတ်နှင့်အညီ သာသနာတော် အရှည်တည်တံ့ခိုင်မြဲရေး အတွက် မလွှဲမရှောင်သာ ပြုလုပ်ရခြင်းဖြစ်ပါသဖြင့်၊ ဘုရားရှင်၏ ဓာတ်တော်မွေတော်များအပေါ် ရာဇဝတ်အပြစ် တစ်စုံတစ်ရာ ကျူးလွန်မိရာ ရောက်ခဲ့ပါလျှင် ဘုရားတပည့်တော်အား အပြစ်မှ ကင်းလွတ်ခွင့်ပေးကာ သည်းခံခွင့်လွှတ် တော်မူပါရန် ရိုသေမြတ်နိုး လက်စုံမိုး၍ ဝန်ခံတောင်းပန် လျောက်ထား အပ်ပါသည် ဘုရား။

ပရိနိဗ္ဗာန်စံလွန်တော်မူပြီးသော အရိယာသူမြတ်များအား ရည်မှန်းပူဇော်ခြင်း

(၁) ရှင်သာရိပုတ္တရာ၊ (၂) ရှင်မဟာမောဂ္ဂလာန်၊ ဓာတ်တော်များကို စုဆောင်းခွဲဝေခဲ့သော (၃) အရှင်မဟာကဿပ မထေရ်မြတ်၊ တတိယသင်္ဂါယနာတင် (၄) အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ် နှင့် (၅) ရှင်ဥပဂုတ္တ မထေရ်မြတ် အစရှိကုန်သော ပရိနိဗ္ဗာန်စံလွန်တော်မူကြပြီဖြစ်သော ရဟန္တာအရှင်မြတ်ကြီးများ၏ အနန္တဂုဏ်ကျေးဇူးတော်တို့ကို ရည်မှန်း၍ ဤဓမ္မသုတေသန ကျမ်းစာကြီးဖြင့် ရိုသေမြတ်နိုး ပူဇော်ပါ၏ဘုရား။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး မုံလယ်ဆရာတော်ဘုရားကြီး နှင့် မိမိ၏ ဆရာသမားများအား ပူဇော်ပါ၏ ။

ထိန်းသိမ်းစောင့်ရှောက်သူ၏ ခံယူချက်နှင့် အဓိဋ္ဌာန်ပြုခြင်း

အကြင် ဓာတ်တော်၊ မွေတော်၊ သွားတော်မြတ်တို့သည် သစ္စာအဓိဋ္ဌာန် ပြုထားသူ၊ ထိန်းသိမ်းစောင့်ရှောက်သူတို့ထံသို့ ဘဝသံသရာ မည်မျှပင် ပြောင်းလဲသွားပါစေကာမူ၊ ဘုရားရှင်၏ တန်ခိုးတော်၊ အဓိဋ္ဌာန်တော်တို့ဖြင့် အစဉ်အမြဲ ကြွရောက်သီတင်းသုံးတော်မူမြဲ ဖြစ်ပါသည်။ မိမိထံသို့ ကြွရောက် သီတင်းသုံး မွေ့လျော်တော်မူသော သွားတော်မြတ်များကို ထိန်းသိမ်းစောင့်ရှောက်ပူဇော်ရသူ အနေဖြင့် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တည်းဟူသော (ဗိုလ် ၅ ပါး) တရားတို့ကို အားကောင်းစွာဖြင့် အပတ်တကုတ် လုံ့လပြုကာ စောင့်ရှောက်နိုင်ခဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တာဝန်ကျေပွန်ခြင်း ဖြစ်သကဲ့သို့၊ ဤသို့ စွမ်းနိုင်အောင် ကြိုးစားအားထုတ်ရခြင်းသည်ပင်လျှင် မြတ်စွာဘုရားရှင်အား အမြင့်မြတ်ဆုံးသော အလုပ်အကျွေးပြု ပူဇော်ခြင်း ဖြစ်ပါပေသည်။

ဘုရားတပည့်တော်သည် ဤကျမ်းစာကို ပြုစုရာတွင် ဘုရားရှင်အား အလုပ်အကျွေးပြုလိုသော သန့်စင်သော စိတ်ထားဖြင့် ကြုံတွေ့လာရသမျှသော အခက်အခဲများ၊ အကျပ်အတည်းများ၊ ပုတ်ခတ်တိုက်ခိုက်မှုများကို "ဘုရားသားတော်ပီပီ" နောက်တွန့်ဆုတ်မသွားဘဲ၊ သတိနှင့် ပညာကို လက်ကိုင်ပြုကာ ဗောဓိပက္ခိယတရား (၃၇) ပါး ပွားများပြည့်စုံလာစေရန် ကျင့်ကြံရင်း ရေးသားပူဇော်ခဲ့ရာ ယခုအခါတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါသည်။

ဤကျမ်းစာအုပ် အောင်မြင်စွာ ထွက်ပေါ်လာခြင်းသည် တပည့်တော်၏ သာသနာပြုခရီးစဉ်အတွက် "က ကြီး ရေ က" အစပထမ ခြေလှမ်းသာ ဖြစ်ပါသေးသည်။ နောင်အနာဂတ်ကာလများတွင်လည်း ဤကမ္ဘာမြေပေါ်ရှိ နိုင်ငံအသီးသီးသို့ ဘုရားရှင်၏ အဆုံးအမများ ပြန့်ပွားစေရန်နှင့်၊ လူ၊ နတ်၊ ဗြဟ္မာ အပေါင်းတို့၏ လောကီ လောကုတ္တရာ အကျိုးစီးပွားကို တိုးပွားအောင် ဆောင်ရွက်နိုင်ရန် ရှေ့ဆက် လျှောက်လှမ်း၍ သာသနာပြုခွင့် ရပါလို၏ဘုရား။ ဤကုသိုလ်ကံ စေတနာတို့ကြောင့် နိဗ္ဗာန်မြတ်သို့ ယခုဘဝ၊ ယခုခန္ဓာဖြင့်ပင် လျင်မြန်စွာ မျက်မှောက်ပြုရန် အထောက်အပံ့ကောင်း (ဥပနိဿယ ပစ္စယော) ဖြစ်ပါစေသတည်း။

မဟာမေတ္တာ အမျှဝေစာ 

ဘုရားတပည့်တော်သည် ဤ "မြတ်စွာဘုရားရှင်၏ သွားတော်များ" သုတေသနကျမ်းကြီးကို ခဲရာခဲဆစ် ပြုစုခြင်း၊ ဓာတ်တော်များကို စောင့်ရှောက်ခြင်းတည်းဟူသော ကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ဘာဂကို သံသရာ၌ ကျင်လည်ဆဲဖြစ်ကုန်သော အောက်ပါပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေပါ၏-

(၁) သမိုင်းခေတ် အလှူရှင်၊ ဒါယကာ မင်း၊ မိဖုရားများနှင့် သာသနာပြုပုဂ္ဂိုလ်ကြီးများ -

ဓာတ်တော်များကို ခွဲဝေပေးခဲ့သော (၆) ဒေါဏပုဏ္ဏားကြီး၊ ဓာတ်တော်များကို မူလပူဇော်ခဲ့ကြသော (၇) အဇာတသတ်မင်း၊ (၈) သကျသာကီဝင်မင်းများ၊ (၉) လိစ္ဆဝီမင်းများ၊ (၁၀) ကောလိယမင်းများ၊ (၁၁) မလ္လာမင်းများ၊ ဗုဒ္ဓ၏ ဆရာဝန်ဖြစ်ခဲ့သော (၁၂) ဆရာဇီဝက၊ ဇမ္ဗူဒီပတစ်ခွင် စေတီရှစ်သောင်းလေးထောင် တည်ထားခဲ့သော (၁၃) သီရိဓမ္မာသောက မင်းတရားကြီး၊ (၁၄) ကနိသျှကမင်းကြီး၊ (၁၅) ဟုဝိသျှကမင်းကြီး၊ (၁၆) အင်ဒို-ဂရိ မိလိန္ဒမင်းကြီး၊ ဘဂျော် (Bajaur) ဒေသမှ (၁၇) အဝစမင်း ဗိဇယမိတ္တ နှင့် (၁၈) မိဖုရား ရုခုဏ၊ ဩဒီနိုင်ငံမှ (၁၉) သေနဝရမမင်း၊ ဆွတ် (Swat) ဒေသမှ (၂၀) ဥတ္တရာသေနမင်းကြီး၊ (၂၁) သုဝိသက္ကမင်းကြီး၊ ကလဝန်စေတီကို တည်ထားခဲ့သော (၂၂) ဥပါသိကာမ စန္ဒဒါသီ၊ သီရိလင်္ကာသို့ စွယ်တော်ပင့်ဆောင်ခဲ့သော ကလိင်္ဂတိုင်းမှ (၂၃) ဂုဟသီဝမင်းကြီး၊ (၂၄) ဒန္တကုမာရမင်းသား နှင့် (၂၅) ဟေမမာလာမိဖုရား၊ မြန်မာ့သာသနာကို စောင့်ရှောက်ခဲ့ကြသော (၂၆) အနော်ရထာမင်း၊ (၂၇) ကျန်စစ်သားမင်း၊ (၂၈) ဘုရင့်နောင်မင်းတရားကြီး၊ သမိုင်းမှတ်တမ်းများ ရေးသားခဲ့ကြသော (၂၉) ဖာဟီယန်၊ (၃၀) ရွှေယန်ကျန် အစရှိသော သမိုင်းဝင် အလှူရှင် ပုဂ္ဂိုလ်ကြီးများ၊

(၂) နိုင်ငံအသီးသီးရှိ ရှေးဟောင်း စေတီတော်များကို စောင့်ရှောက်ကြကုန်သော နတ်မြတ်နတ်ကောင်းများ -

အိန္ဒိယနိုင်ငံရှိ (၃၁) ပိပရာဝါစေတီတော်၊ (၃၂) ဆန်ချီစေတီတော်၊ (၃၃) အမရဝတီစေတီတော်၊ (၃၄) နာဂဇုနကုဏ္ဍစေတီတော် စောင့်နတ်များ၊ နီပေါနိုင်ငံရှိ (၃၅) ရာမဂါမ နဂါးစောင့်စေတီတော် စောင့်နတ်များ၊

ပါကစ္စတန်နိုင်ငံ (တက္ကသီလာ၊ ပက်ရှဝါ နှင့် ဆွတ်တောင်ကြား) ရှိ (၃၆) ဓမ္မရာဇိကစေတီတော်၊ (၃၇) ကနိသျှကစေတီတော်၊ (၃၈) မဏိကျလစေတီတော်၊ (၃၉) ဘုက္ကရ (Butkara) စေတီတော်၊ (၄၀) ကလဝန် (Kalawan) စေတီတော်၊ (၄၁) ကုဏ္ဍလ (Kunala) စေတီတော်၊ (၄၂) ဂီရိ (Giri) စေတီတော်၊ (၄၃) မိုရာမိုရာဒူ (Mohra Moradu)၊ (၄၄) ဂျော်လီယန် (Jaulian)၊ (၄၅) ဘမာလာ (Bhamala)၊ (၄၆) ဆာကပ် (Sirkap)၊ (၄၇) ဘီယာမောင့်ဒ် (Bhir Mound)၊ (၄၈) တပ်ခ်တီဘာဟီ (Takht-i-Bahi)၊ (၄၉) ဂျာမားလ်ဂါဟီ (Jamal Garhi)၊ (၅၀) လိုရီယန်တန်ဂိုင်၊ (၅၁) ရှင်ကော့တ် (Shinkot)၊ (၅၂) သိင်္ဂါတ နှင့် နမောဂန် စေတီတော် အသီးသီးကို စောင့်ရှောက်ကြကုန်သော နတ်များ၊

အာဖဂန်နစ္စတန်နိုင်ငံရှိ (၅၃) ဗိမရန် (Bimaran) စေတီတော်၊ (၅၄) ဟဒ္ဒ (Hadda) ဒေသရှိ စေတီတော်များ၊ (၅၅) တပ္ပရှိုတာ (Tapa Shotor)၊ (၅၆) ဝါဒပ် (Wardak) စေတီတော်၊ (၅၇) အဟင်ပို့ရှ် (Ahin Posh) စေတီတော်၊ (၅၈) ကမာရီ (Kamari) စေတီတော်၊ (၅၉) ဆမန်ဂန် (Samangan) ကျောက်ဂူစေတီတော်၊ (၆၀) စက္ကဝဂုန္တီ (Chaqalaq-tepe) စေတီတော်တို့ကို စောင့်ရှောက်ကြကုန်သော နတ်များ၊

သီရိလင်္ကာနိုင်ငံ (ကန္ဒီမြို့) ရှိ (၆၁) တော်ဝင်စွယ်တော်တိုက် (Sri Dalada Maligawa) စောင့်နတ်များ နှင့် မြန်မာနိုင်ငံရှိ (၆၂) ရွှေတိဂုံစေတီတော် အပါအဝင် ပြည်တွင်းပြည်ပရှိ သွားတော်မြတ်၊ ဓာတ်တော်မြတ်များ ကိန်းဝပ်ရာ ဌာနအသီးသီးကို စောင့်ရှောက်ကြကုန်သော နတ်မြတ်နတ်ကောင်းများ၊

(၃) မြေအောက်မှ ဓာတ်တော်များကို ဖော်ထုတ်ခဲ့ကြသော ရှေးဟောင်းသုတေသန ပညာရှင်ကြီးများ -

ဘုရားရှင်၏ ဓာတ်တော်မွေတော်များကို သမိုင်းအထောက်အထား ခိုင်လုံစွာဖြင့် မြေအောက်မှ တူးဖော်မှတ်တမ်းတင်ခဲ့ကြသော (၆၃) ဆာ ဂျွန်မာရှယ် (Sir John Marshall)၊ (၆၄) ချားလ်စ် မေဆင် (Charles Masson)၊ (၆၅) အလက်ဇန္ဒား ကန်နင်ဟမ် (Alexander Cunningham)၊ (၆၆) ဝီလျံပဲပ် (William Peppe)၊ (၆၇) အေ အိတ်ချ် လောင်းဟတ်စ် (A.H. Longhurst)၊ (၆၈) ကိုလင်း မက်ကင်ဇီ (Colin Mackenzie)၊ (၆၉) အလက်ဇန္ဒား ရီး (Alexander Rea)၊ (၇၀) ပါမောက္ခ မီဇူနို (Prof. Mizuno)၊ (၇၁) ဇေမာရယာလိုင် တာဇီ (Zemaryalai Tarzi)၊ (၇၂) အမ် အေ ဆူဖီ (M.A. Sufi)၊ (၇၃) အိတ်ချ် ဟာဂရီးဗ်စ် (H. Hargreaves)၊ (၇၄) အန် ဂျီ မာဂျွမ်ဒါ (N.G. Majumdar)၊ (၇၅) ဝီလျံ ဆင်ပ်ဆန် (William Simpson)၊ (၇၆) ဗိုလ်ချုပ် ဗင်ကျူရာ (General Ventura)၊ (၇၇) ဂျူးလ် ဘာသူး (Jules Barthoux)၊ (၇၈) ဒိုမင်နီကို ဖာချန်နာ (Domenico Faccenna) အစရှိသော သမိုင်းဝင် တူးဖော်သူ ပညာရှင်ကြီးများ၊

(၄) ခေတ်သစ် သုတေသန စာတမ်းရှင်များနှင့် ပညာရှင်များ -

ဤကျမ်းကို ပြုစုရာတွင် အထောက်အကူပြုခဲ့သော စာတမ်းများ၊ ကျမ်းကိုးများကို ရေးသားခဲ့ကြသည့် (၇၉) ဂျွန်အက်စ် စထရောင်း (John S. Strong)၊ (၈၀) ကီဗင် ထရိန်နာ (Kevin Trainor)၊ (၈၁) ဂရီဂိုရီ ရှိုပန် (Gregory Schopen)၊ (၈၂) ရစ်ချတ် ဆော်လမွန် (Richard Salomon)၊ (၈၃) မိုက်ကယ် ဝီလီစ် (Michael Willis)၊ (၈၄) ပီတာ စကေးလင်း (Peter Skilling)၊ (၈၅) ဟယ်ရီ ဖော့ခ် (Harry Falk)၊ (၈၆) အဲလိဇဘက် အယ်ရင်တန် (Elizabeth Errington)၊ (၈၇) ကတ်တ် အေ ဘာရန့်ဒ် (Kurt A. Behrendt)၊ (၈၈) ဒေးဗစ် ဂျုံဂီဝါ့ဒ် (David Jongeward)၊ (၈၉) အိတ်ချ် အယ်လ် ဆီနီဗီရတ်နီ (H. L. Seneviratne)၊ (၉၀) ရိုမီလာ သာပါ (Romila Thapar)၊ (၉၁) တန်ဆန် ဆန် (Tansen Sen)၊ နှင့် သုတေသနနည်းစနစ် ပညာရှင်များဖြစ်သော (၉၂) ဂျွန်ဒဗလျူ ခရက်စ်ဝဲလ် (John W. Creswell)၊ (၉၃) နော်မန် ကေ ဒင်ဇင် (Norman K. Denzin)၊ (၉၄) ရောဘတ် ကေ ယင် (Robert K. Yin) အစရှိသော နိုင်ငံတကာမှ ပညာရှင်များ (သက်ရှိထင်ရှား ရှိသူတို့သည် ဤမေတ္တာကြောင့် ကျန်းမာချမ်းသာကြပါစေ၊ ကွယ်လွန်ပြီးသူတို့သည် ဤကုသိုလ်အမျှကို ရကြပါစေ)၊

(၅) စောင့်ရှောက်ရာ လောကပါလ နတ်၊ ဗြဟ္မာများနှင့် အကြီးအကဲများ -

နတ်တို့သနင်း (၉၅) သိကြားမင်း၊ (၉၆) ဗြဟ္မာမင်း၊ (၉၇) သုဇာတာ၊ (၉၈) မာတလိ၊ (၉၉) ပဉ္စသီခ၊ (၁၀၀) ယမမင်း၊ သာသနာတော်ကို စောင့်ရှောက်သော (၁၀၁) ဓတရဋ္ဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ဝေဿဝဏ် ဟူသော စတုမဟာရာဇ် နတ်မင်းကြီးလေးပါး၊ (၁၀၂) ဟေမာဝတ နတ်မင်းကြီး၊ သာတာဂိရိ နတ်မင်းကြီး၊ အာဠာဝက နှင့် ကုဝေရ နတ်မင်းကြီး၊ (၁၀၃) ဝသုန္ဓြေ မြေစောင့်နတ်သမီး၊ သူရဿတီ၊ မဏိမေခလာ နှင့် ဝဿလာဟကနတ်၊ နတ်ပြည်ခြောက်ထပ် နှင့် ဗြဟ္မာ (၂၀) ဘုံရှိ နတ်ဗြဟ္မာအပေါင်း၊

(၆) လောကီဝိဇ္ဇာ၊ တာနောယက နှင့် နဂါး၊ ဂဠုန်၊ ဂန္ဓဗ္ဗ အပေါင်း -

(၁၀၄) အရိယာဝိဇ္ဇာဓိုရ်များ၊ ဆရာတော်သံ၀ရမာလာ၊ လောကီဝိဇ္ဇာများ၊ (၁၀၅) သံသရာ၌ကျင်လည်ဆဲ ဝိဇ္ဇာဓိုရ်များ၊ ဇော်ဂျီ၊ တပသီ၊ ရသေ့ သူတော်စင်အပေါင်း၊ အစောင့်အရှောက်ကြီးများဖြစ်သော (၁၀၆) တာနောယက ပုဂ္ဂိုလ်ကြီးများ၊ (၁၀၇) မူစလိန္ဒနဂါးမင်း၊ (၁၀၈) ဧရဝဏ္ဏဆင်မင်း၊ နဂါး၊ ဂဠုန်၊ ဂန္ဓဗ္ဗ၊ ကုမ္ဘဏ်၊ ယက္ခ၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး အပေါင်း၊

(၇) ကျေးဇူးရှင်များနှင့် သတ္တဝါအနန္တ (၃၁ ဘုံ) -

ဘဝအဆက်ဆက် တော်စပ်ခဲ့ကြဖူးသော (၁၀၉) မိခင်၊ ဖခင် ကျေးဇူးရှင်များ၊ ဥပဇ္ဈာယ်ဆရာ နှင့် သွန်သင်ပြသခဲ့သော ဆရာသမားများ၊ ဤသုတေသနကျမ်းကို ကူညီခဲ့ကြသော ပြတိုက်မှူးများ၊ ဓာတ်ခွဲခန်းပညာရှင်များ၊ အလှူရှင်များ၊ ဒုက္ခဆင်းရဲ ရောက်နေကြကုန်သော (၁၁၀) ငရဲသားများ၊ တိရစ္ဆာန်များ၊ ပြိတ္တာများ၊ အသုရကာယ်များ အပါအဝင် (၁၁၁) ရေနေ၊ ကုန်းနေ၊ ခြေမဲ့၊ ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ ခြေများ၊ သညာရှိ၊ သညာမဲ့ အစရှိသည့် ၃၁ ဘုံ၊ ကျင်လည်ကြကုန်သော ဝေနေယျ သတ္တဝါ အနန္တ အားလုံးတို့အား ဘုရားတပည့်တော် ပြုစုခဲ့သမျှသော ကုသိုလ်၊ ရရှိအပ်သော ပညာ၊ ကြိုးပမ်းခဲ့သော ဝီရိယ အစုစုတို့ကို အမျှ... အမျှ... အမျှ ပေးဝေငှပါ၏။

ဘုရားတပည့်တော် ပေးဝေသော ဤကုသိုလ်အမျှကို ကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုနိုင်ကြလျက် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ဟူသမျှ ကင်းဝေးကြကာ၊ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်၍ ချမ်းသာအစစ် တည်းဟူသော အသင်္ခတ နိဗ္ဗာန်မြတ်သို့ မဆိုင်းမတွ ရောက်ရှိ မျက်မှောက်ပြုနိုင်ကြပါစေသတည်း။

(အားလုံး ကြားကြားသမျှ ကုသိုလ်အဖို့ကို အမျှ... အမျှ... အမျှ ယူတော်မူကြပါကုန်လော့)

သာဓု... သာဓု... သာဓု